Friday, June 13, 2014

၁၅-၂၀၁၄ တွင်ကျရောက်သော အဖေများနေ့အမှတ်တရ



မိဘဆိုတဲ့စကားစုထဲမှာကိုက *အမိရယ် အဖရယ် * ဆိုတာပါဝင် ပါတယ် ။ မိခင်တစ်ယောက်ရဲ့ကျေးဇူးတရားတွေ အရမ်းကြီးမားသလို ဖခင်တစ်ယောက်ရဲ့ မေတ္တာစေတနာ ဟာလဲ အနှိုင်းမဲ့ပါပဲ ။ နှိုင်းမရသော မေတ္တာတရားတွေဖြင့် မိုးကာပေးထားသူ ဖေဖေ ။ မိဘမေတ္တာကိုနှိုင်းယှဉ်ပြောကြသူတိုင်း မေမေကိုသာ ပထမနေရာထားတတ်ကြ၏ ။
ဖေဖေ့ကျေးဇူး တရားတွေကြောင့် လူလောကကြီးထဲကို ဘေးမသီရန်မခရောက်လာခဲ့ရတယ် ။ မေမေအသက်နဲ့ ရင်းကာမွေးဖွားသန့်စင်ပေးခဲ့သလို ဖေဖေ့ချွေး ဖေဖေ့အားတွေနဲ့ သမီးကို လူလားမြောက်စေခဲ့ပါတယ် ။ သမီးရင်ထဲ ဖေဖေ အမြဲတမ်းရှိနေခဲ့တယ် ။ ဖေဖေ့နဲ့ တူတဲ့ သမီးတစ်ယောက်အဖြစ် ပတ်ဝန်းကျင်က သတ်မှတ်ကျတိုင်း ကျေနပ်ပီတိဝေခဲ့ရသူပါ ။သမီးဘ၀အတွက် သူရဲကောင်းကို ပြပါဆို ဖေဖေပါပဲ ။ သမီးစံထားရာကိုပြပါဆိုလည်း ဖေဖေပါပဲ ။ သမီးဆိုးသမျှ ခါးစည်းခံခဲ့ရှာသူ ။ ဖေဖေရင်ခွင်နဲ့ ဝေးရာဆီကို ရောက်ချိန်မှဖေဖေ မေတ္တာတွေကို မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ရတယ် ။
သမီးကိုမွေးဖွားချိန်ကအစပြုလို့ ဖေဖေရဲ့ ချွေးနဲစာပေါင်းများစွာ မကြာခဏအကုန်ကျခံခဲ့ရတယ်နော် ။ ကျန်းမာရေးချုချာတဲ့ သမီးကို မေမေမကြာခဏ ပြောတတ်တာလေးတစ်ခုရှိတယ် ။ *ရှင့်သမီးကို ချိန်ခွင်တစ်ဖက်မှာတင် တစ်ဖက်က ပိုက်ဆံတွေကို ထည့်ချိန်ရင် ပိုက်ဆံရှိတဲ့ဘက်က အလေးသာမယ်ထင်ပါ့ *တဲ့။ ဒီလိုပြောတိုင်း *မင်းကလဲကွာ ကလေးကို * ဆိုပြီး ပြန်ပြောတတ်တဲ့ ဖေဖေ့စကားသံတွေကို အမြဲကြားယောင်နေမိတယ် ။
ဒီလိုနဲ့ အရွယ်ရောက်လာပြန်တော့ ခပ်ဆိုးဆိုး အသုံးဖြုန်းကြီးတဲ့ သမီးရဲ့ဒဏ်ကို အံတု ခံခဲ့ရှာပြန်တယ် ။ ချော့ကာတစ်လှည့် ခြောက်ခါတစ်လှည့် ဆိုဆုံးမခဲ့ရှာတယ် ။ ခပ်ဆိုးဆိုး သမီးတစ်ယောက်ကို အပြီးတိုင် စွန့်လွှတ်ဖို့ကိုတော့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးနော် ဖေဖေ ။ ဟုတ်တယ် ။ ကျွန်မ သိပ်ဆိုးခဲ့ပါတယ် ။ မေမေနဲ့ ထပ်တူ ဂရုစိုက် ထွေးပွေ့ခဲ့သူဟာ ကျွန်မဖေဖေပါ ။ ၀န်ထမ်းဖြစ်သူ ဖေဖေ နှင့် မေမေဟာ တစ်နေကုန် စာသင်ရတဲ့ ရက်ကန်းကျောင်းက ဆရာ ၊ ဆရာမတွေပါ ။ ညဘက်ဆို မေမေ အိပ်ရေးပျက်မှာကိုလည်း ဆိုး ၊ သမီးဖြစ်သူ နို့ဆာလို့ငိုမှာကိုလည်း စိုးတတ်သူက ကျွန်မဖေဖေပါ ။ ညဘက်တွေဆို နိုးဘူးဖျော်ပေးတတ်သူ ဖေဖေ ။ နို့ဆာလို့ ငိုပြီဆိုတာနဲ့ ငေါက်ခနဲ နိုးတတ်သူ ကျွန်မဖေဖေ ။ ဖေဖေကို ကျွန်မသိပ် ချစ်ပါ၏ ။
မည့်သည့်အန္တာရယ်ကိုမဆို ဖယ်ရှားပေးတတ်သူ ။ တခါက အဖြစ်လေး တစ်ခုကို ကျွန်မ မှတ်မိနေပါသးတယ် ။ မှတ်မှတ်ရရ သင်္ကြန်အတက်နေ့ကြီးပေါ့ ။ ပြည်မှာရှိတဲ့ အကမဏ္ဍပ်တွေကို ကျွန်မတို့သူငယ်ချင်းတစ်သိုက် သွားကြည့်ကြတယ် ။ ဆိုက်ကယ် ခုနှစ်စီး ။ လူဆယ်လေးယောက် ။ အကတွေ ကြည့်ပြီး ရွှေတောင်ကို ပြန်လာခဲ့တယ် ။ ပရပိုက်တန်းရွာလေးအရောက် လမ်းဘေးမှ လမ်းလျှောက်လာသော အမူးသမား အုပ်စုဘေးကနေ ကျွန်မတို့ဆိုက်ကယ်လေး ဖြတ်မိတယ် ။ ထိုသို့ သူတို့ဘေးကနေဖြတ်လိုက်တယ်ဆိုရင်ဖြင့် အမူးသမားအုပ်စုထဲမှ တစ်ယောက်က ဆိုက်ကယ်ပေါ်မှာထိုင်နေသည့် ကျွန်မအား လှမ်းရိုက်လိုက်ပါတယ် ။ သူငယ်ချင်းတွေ အုပ်စုလိုက်ဆိုတော့ ဆိုက်ကယ်တွေကို ဖြည်းဖြည်းလေး မောင်းလာကြတာပါ ။ ဖြည်းဖြည်းမောင်းလာတာမို့ ထိုအမူးသမား ရိုက်လိုက်ချိန်မှာ နောက်ကနေ ထိုင်လာတဲ့ ကျွန်မကို ရိုက်မိသွားခဲ့တယ် ။ ထိုအမူးသမားကလည်း မူးနေတာဆိုတော့ ဘယ်သူရယ် ဘယ်ဝါရယ် မဟုတ်ဘဲ လက်တရမ်းလိုက်တဲ့သဘောမျိုးပါ ။ ဒါပေမယ့် လူငယ်စိတ်ဆိုတော့ အရမ်းဒေါသ ဖြစ်သွားကြတယ် ။ ဆိုက်ကယ်ကို ချက်ချင်းထိုးရပ်လိုက်ကြတာပေါ့ ။ တစ်စီးရပ်တယ်ဆိုရင်ဖြင့် နောက်ကပါလာတဲ့ ဆိုက်ကယ်တွေ အားလုံးလည်း ရပ်ကုန်ကြပါတယ်  ။ ဘာဖြစ်တာလည်း ဘာဖြစ်တာလည်း မေးကြတာပေါ့ ။ ဖြစ်ကြောင်းကုန်စင် သိရင်ဘဲ ပြသနာတက်ကြပါလေကော ။ ကျွန်မတို့က မိန်းကလေး ငါးယောက် ၊ ယောက်ျားလေးက ကိုးရောက်ပါတယ် ။ ဟိုဘက်က အမူးသမားတွေက ငါးယောက်ပါ ။ အမူးသမားအုပ်စုထဲက တစ်ယောက်က ကျွန်မတို့ကျောင်းက အတန်းကြီးအကိုတစ်ယောက် ဖြစ်နေတယ် ။ ဆိုက်ကယ်ပေါ်က ဆင်းလာတာနဲ့ ကျွန်မတို့ကို တွေ့လိုက်တော့ တစ်ကျောင်းတည်းသားတွေမို့ တောင်းပန်ပါတယ် ။ * ဒီကောင်တွေ မူးပြီး လုပ်မိတာပါဟာ ။ နင်တို့ မှန်းလည်း မသိပါဘူး * ဆိုပြီး တတွတ်တွတ် တောင်းပန်ပါတယ် ။ ဒါကို ပြသနာက တက်ချင်တော့ ကျန်တဲ့ မူးနေတဲ့ အကောင်တွေက အငြိမ်မနေဘဲ ပြသနာ ထပ်ရှာပါတယ် ။ သတ္တိရှိလား ဘာညာဆိုတော့ ကျွန်မတို့ အဖွဲ့ထဲက ယောက်ျားလေးတွေကလည်း စိတ်တိုကုန်ကြတယ် ။ ဒီမှာဘဲ ထိုးမယ်ကြိတ်မယ်တွေ ဖြစ်ကုန်ပါလေကော ။ ဆွဲသူကဆွဲ ။ တားသူက တူးနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်နေတုန်းမှာပဲ ရန်ဖြစ်နေရာနေရာသို့ ကားမီးရောင်တစ်ခု ကျရောက်လာပါတယ် ။ မီးရောင်နှင့်အတူ ကျွန်မတို့အနီးကို ကားတစ်စီး ထိုးစိုက်လာလေ၏ ။ သေချာ ကြည့်လိုက်တော့ ဖေဖေနှင့် အတူ ဖေဖေ့ မိတ်ဆွေ သုံးဦးပါ ပါဝင်ကြတယ်  ။
ရန်ဖြစ်နေတာကို တွေ့တာရယ် ၊ ကားမီးထိုးကြည့်လိုက်တော့ ကိုယ့်မြို့က ကလေးတွေမို့ ဘာဖြစ်တာလည်း ရန်ဖြစ်နေတာဆို တားရအောင်ဆင်းလာကြတာပါ ။ ကားအောက်ရောက်တော့ သမီးဖြစ်သူ ကျွန်မကို တွေ့လိုက်တယ်ဆိုရင်ဖြင့် ဖေဖေအခြေနေက ရုတ်ချည်း ပြောင်းလဲသွားပါတော့၏ ။ ကျွန်မအနေနဲ့ကလည်း ဖေဖေကို တွေ့လိုက်တာနဲ့ * ဖေဖေ ဒီကောင် သမီးဆိုက်ကယ်စီးလာတာကို လှမ်းရိုက်တယ်*ဆိုပြီးတိုင်လိုက်မိတယ် ။ ဒီမှာဘဲ လူငယ်တွေကို ထိန်းရအောင် ဆင်းလာတဲ့ ဖေဖေဟာ သမီးစိတ်ကြောင့် ဘာကိုမှ မမြင်တော့ဘဲ * ဟေ ဘယ်ကောင်လည်း ငါ့သမီးကို ရိုက်တာ ပြောစမ်း ။ ဘာကိစ္စ ရိုက်ရတာလည်း * ဆိုပြီး ထိုးမယ်လုပ်လို့ ဖေဖေကို အားလုံးက ပြန်ဆွဲခဲ့ရပါတယ် ။ နောက်ရွာက လူကြီးတွေ ရောက်လာပြီး ကျွန်မတို့ကို တောင်းပန် ။ သူ့ရွာက အမူးသမားတွေကို ဆုံးမပြန်ခေါ်သွားမှ ပြသနာက အေးသွားခဲ့တယ် ။ အဲဒီရက်က မေမေ ဘုရားဖူးထွက်နေတာမို့ ကျွန်မတို့ပြသနာကို မသိလိုက်ရဘူး ။ မေမေ ပြန်လာလို့ ဒီသတင်းကို ကြားတယ်ဆိုရင်ပဲ သားဖနှစ်ယောက်လုံး အဆူခံရပါလေကော ။ နောက်နှစ်သင်္ကြန်မှာ အကမဏ္ဍပ်တွေလျှောက် ကြည့်ခွင့်ပါမစ်လည်း အပိတ်ခံလိုက်ရပါတော့တယ် ။
နောက်ထပ် အမှတ်တရလေးတစ်ခုကတော့ ကျွန်မ သားဦးလေး မွေးဖွားချိန်ပါ ။ သားဦးရတနာလေးကို မွေးဖွားသန့်စင်မှာဆိုတော့ မေမေနဲ့ အမျိုးသားဖြစ်သူ ကိုဘဲမျှော်မိတယ် ။ ဆေးရုံခွဲခန်းထဲ ၀င်တဲ့အချိန်ထိ မေမေကော၊ အမျိုးသားပါ ရောက်မလာခဲ့ကြဘူး။ဖေဖေကတော့ မနက်၇နာရီမှ မွေးမယ့် ကျွန်မဆီကို မနက်၅နာရီထဲက ရောက်နေခဲ့ပါပြီ ။ ခွဲခန်းထဲ ၀င်တဲ့အချိန်ထိ ကျွန်မအနားမှာ တစ်ချိန်လုံး မကြောက်ဖို့ အားပေးနေခဲ့တယ် ။ ဖေဖေ ရဲ့ချစ်ခြင်းတွေက ကျွန်မဘ၀အခက်ခဲမှန်သမျှကို ဖြေရှင်းပေးစေခဲ့သလို မေမေချစ်ခြင်းတွေက ကျွန်မဘ၀ရဲ့ ရပ်တည်မှုတွေကို သိက္ခာရှိနေစေဖို့ ထာဝရ အရိပ်မိုးပေးထားကြပါတယ် ။ ခုချိန်မှာ ကျွန်မ သိပ်ပြောချင်တဲ့ စကားလေးကတော့ ဖေဖေ နဲ့ မေမေကို ကျွန်မ အရမ်းကို သတိရနေမိပါတယ် ။ ဖေဖေ နဲ့ မေမေ ကို အရမ်းချစ်ပါတယ် ။
 ဖေဖေနဲ့ကျွန်မကြားက နောက်ထပ် အမှတ်ရစရာလေးတစ်ခုကတော့ ကျွန်မနှလုံးခုန်နှုန်းမြန်တဲ့ရောဂါ နဲ့ ဆေးရုံတက်စဉ်ကပေါ့ ။  အရေးပေါ် ဆေးရုံတက်ပြီး နှလုံးခုန်နှုန်းတအားမြန်နေသည့်အတွက် ဓာတ်ကင်ခဲ့ရတယ် ။ အဲဒီညမှာ ကျွန်မအမျိုးသားက သူစောင့်မှာမို့ ဖေဖေကို အိမ်ပြန်နားဖို့ ပြောတယ် ။ ဒီတော့ ဖေဖေက သူပြန်လို့မဖြစ်ဘူး  ။ အရေးကြောင်းဆို သူရှိမှဆိုပြီး ဆေးရုံမှာပဲ စောင့်အိပ်ခဲ့တယ် ။ ဖေဖေထင်တဲ့ အတိုင်းပါပဲ ။ ညဘက်ရောက်တော့ ကျွန်မနှလုံးတွေက တအားပြန်ခုန်လာပြန်တယ် ။ ဒီတော့ ကျွန်မကုတင်ဘေးမှာအိပ်နေတဲ့အမျိုးသားကို နိုးတာပေါ့ ။ မနှိုးပါဘူး ။ ကျွန်မတစ်ယောက်ကျော်မှာ အိပ်နေတဲ့ ဖေဖေကတော့ အမျိုးသားကို နှိုးနေတာ ကြားတာနဲ့ တန်းနိုးလာခဲ့တယ် ။ အမှန်တကယ်တော့ ဖေဖေ့ နားတစ်ဖက်က သိပ်မကြားရပါဘူး ။ ညဘက်တွေ နားကြပ်ဖြုပ်ထားရင် လုံးဝမကြားရတဲ့သူပါ ။ ကျွန်မ ခေါ်သံကို တန်းကြားခဲ့ခြင်းဟာ ဖခင်တစ်ယောက် ရဲ့ သွေးသားထဲက မေတ္တာနှိုးးသံတွေထင်တယ် ။
ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ဂရုစိုက်ကြင်နာမှုတွေကို မည့်သည့်သူကမှနှိုင်းယှဉ်လို့မမှီနိုင်ဘူးဆိုတာကို ထပ်မံ ၍ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့ပြန်ပါ၏ ။
ဖေဖေ ကျွန်မကို သိပ်ချစ်တယ်ဆိုတာကို သက်သေတည်ခဲ့တဲ့ ရယ်စရာ အဖြစ်ပျက်လေး တစ်ခုရှိပါသေး၏ ။တစ်နေ့မှာပေါ့ ကျွန်မအမျိုးသားကဖြစ်သူက ဆိုင်ကယ်ဖြင့် ကျွန်မတို့အိမ်ကို  သွားပါတယ်။အဲဒီနေ့က ကျွန်မလိုက်မသွားဖြစ်ဘူး။ဖေဖေနဲ့မေမေကအိမ်ရှေ့တန်းလျားမှာထိုင်နေကြသတဲ့ ။ အမျိုးသားက ဆိုက်ကယ်ကို အိမ်ရှေ့ရောက်တော့ ကွေ့ချလိုက်တာ ဆိုက်ကယ်က မှောက်မလိုဖြစ်သွားခဲ့ပါတယ် ။ ဒီမှာ ဖေဖေက ဘာထပြောလိုက်တယ်ထင်လဲ *တော်သေးတာပေါ့ကွာ ငါသမီးမပါလို့* တဲ့လေ ။ မေမေကရှင်ဘယ်လိုပြောလိုက်တာလဲဆိုတော့ ဘာမှမဟုတ်သလို အိမ်ထဲထ၀င်သွားသတဲ့ ။ မယုံနိုင်အောင် ကြီးမားတဲ့ ဖေဖေမေတ္တာနဲ့ ကျေးဇူးတရားတွေပါ ။လောကကြီးရဲ့ အန္တရာယ်ဟူသမျှကို ရှေ့ကာနေ ဖယ်ရှားပေးခဲ့သူ ဖေဖေပါ ။ရိုက်ဖို့မဖြစ်မနေကြုံလာရင်တောင် * ငါရိုက်ရင် လာဆွဲနော်လို့ * မေမေ့ကို မှားကြားတတ်သူ ။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ သမီးဖြစ်သူကို လွမ်းတဲ့ စိတ်နဲ့ လာရောက်တွေ့ဆုံခဲ့သူ ။ ဖေဖေ့ကို သမီး ချစ်တယ် ။ ဒါပေမယ့် သေချာတယ်ဖေဖေ ။ ဖေဖေ သမီးကို ချစ်တဲ့ အချစ်ကိုတော့ မှီနိုင်မယ် မထင်ပါဘူး ။
 မလေးရှားဆိုလို့ ကျွန်မ မလေးရှားလာခဲ့စဉ်က လေယာဉ်ကွင်းကို ဖေဖေ လိုက်ပို့ခဲ့တယ် ။ လေယာဉ်ကွင်းရောက်တော့ တူတူသွားမယ့် မိတ်ဆွေတွေနဲ့ တွေ့ပြီးပျော်မြူးနေလိုက်တာ လိုက်ပို့ပေးတဲ့ ဖေဖေကို မေ့သွားမိတယ် ။ တအောင့်ကြာတော့ ဖေဖေက အနားကို ရောက်လာပြီး * သမီး ဖေဖေ ပြန်တော့မယ်နော် ။ သမီး ထွက်သွားတော့မယ်ဆိုတဲ့ အသိက ဖေဖေ့ရင်ထဲ တစ်မျိုးကြီး ခံစားနေရတယ် ။ *လို့ ပြောနေတဲ့ ဖေဖေမျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ၀ိုင်းနေခဲ့တယ် ။ သမီးအသက်တည်နေသမျှ ဖေဖေ့ မေတ္တာနဲ့ ကျေးဇူးတရားတွေကို မယုံနိုင်အောင် တွေ့မြင်နေရအုံးမယ်ဆိုတာ သိနေပါတယ် ဖေဖေ ။

အဖေတွေဟာ သာမန်တွေးရင် အမေတွေလောက် မချစ်ဘူး မပေးဆပ်ရဘူးထင်တတ်ကြပါတယ် ။ သမီးအတွက်တော့ အဖေဆိုတာ သားသမီးတွေအတွက် မိသားစုအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ဖြေရှင်းတတ်သူ သူရဲကောင်းတွေပါ ။သမီးတို့အတွက် အန္တရာယ်ပေါင်းစုံကို မမှု့ဘဲ ရှာဖွေကျွေးမွေးခဲ့သူ ။ လူတန်းစေ့နေနိုင်အောင် စွမ်းဆောင်ပေးခဲ့သူပါ ။ဖေဖေကြောင့်ညတွေကို ချစ်တတ်ခဲ့တယ် ။ မှောင်မိုက်တဲ့ ညတွေမှာ ဖေဖေပြောပြတတ်တဲ့ စပ်စုမ ပုံပြင်တွေ ၊ ဖေဖေ လုပ်ပြတတ်တဲ့ ၀င်းဦးအသံတုတွေနဲ့ ပျော်မြူးကြည်နူးခဲ့ရဘူးတယ် ။ ဖေဖေကြောင့် ကျွန်မတို့ငယ်ဘ၀ညတွေဟာ ဖျော်ဖြေရေး အသုံးဆောင်တွေ မရှိပါဘဲ သာယာခဲ့ရတယ် ။ လောကဒဏ်ရာဒဏ်ချက်တွေကို ခါးစည်းခံရင်း သမီးတွေရဲ့ ဘ၀ကို လှပစေခဲ့သူဟာလည်း ဖေဖေပါ ။ ဘယ်သောအခါမှ အစားထိုး မရနိုင်တဲ့ မေတ္တာတွေကို ဖေဖေ မေမေ ဆီကပဲ ရနိုင်ပါတယ် ။ဖေဖေရဲ့ အရိပ်ဟာ သမီးတို့ ညီမသုံးယောက်ကို အမြဲလုံခြုံစေခဲ့ပါတယ် ။ သမီးရဲ့ ရပ်တည်မှု့တိုင်း ဖေဖေမရှိလို့ မဖြစ်ပါဘူး ။ နောင်နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် သမီးနား ဖေဖေရှိနေပေးပါ ဖေဖေ ။ ဖေဖေရဲ့ မေတ္တာကရုဏာ စေတနာအနစ်နာတွေကို သမီး နားလည်ခဲ့ပါပြီ။မိဘတွေရဲ့ မေတ္တာ ကရုဏာ စေတနာ အနစ်နာတွေကို သမီး သဘောပေါက် နေပါပြီ ။ဘယ်လို အခြေအနေမျိုးမှာမဆို ချစ်မြဲချစ်တဲ့ အချစ် ။ချွင်းချက် မရှိတဲ့ အချစ်မျိုးပေါ့ ။

ဖေဖေက ကျွန်မတို့အတွက် လုပ်ပေးခဲ့တာတွေ များပါပြီ ။ဒါကြောင့်ကျန်ရှိတဲ့ အချိန်တွေမှာ ဖေဖေအတွက် အကောင်းဆုံးပေးဆပ်ခြင်းတွေကိုပဲ လုပ်ပေးနိုင်ဖို့ သမီး ကြိုးစားပါတော့မယ် ။ ဦးအောင်ကြည်သမီး ဆိုတဲ့အဖြစ်ကို သမီးကျေနပ်မိသလို ၊ ဒါက ခိုင်ဇာအောင် အဖေ ဆိုတဲ့ အဖေဂုဏ်ယူရမယ့် သမီးမျိုးဖြစ်အောင် ကြိုးစားသွားပါတော့မယ် ဆိုတဲ့ကတိစကားလေးဖြင့် june,15,2014 တွင်ကျရောက်သော အဖေများနေ့အားဂုဏ်ပြုရေးသားလိုက်ရပါ၏ ။ ဗဟုသုတအနေဖြင့် International news for Myanmarမှာဖတ်ဖူးခဲ့သော အဖေများနေ့ ဖြစ်ပေါ်လာပုံလေးကို ပြန်ပြီး ဖြန့်ဝေလိုက်ပါရစေ ။

***************************
အဖေများနေ့ကို ၁၉၁၀ခုနှစ်ဇွန်လ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့သည်။ အဖေများနေ့ ဖြစ်ပေါ်ရန် ကြိုးပမ်းခဲ့သူမှာ အမေရိကန်ပြည်တွင်း စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝီလီယျံ ဂျက်ဆင်စမတ် ၏ သမီးဖြစ်သူ သာမန်အရပ်သား Sonora Smart Dodd (ဆိုနာစမတ်ဒေါ့) ဖြစ်ပြီး သူမ၏ ဖခင်မွေးနေ့ကို ရည်ညွန်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မိခင်များနေ့ သာရှိပြီး ဖခင်များနေ့ မရှိသေးခြင်းအပေါ် ဆိုနာသည် မှတ်ချက်ပြုမိပြီး အမိမဲ့သော သူမတို့မိသားစုဘဝကို အရွယ်ရောက်သည် ထိ ပြုစုကျွေးမွေးစောင့်ရှောင့်သော ဖခင်အား ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ အမှန် ဖခင်ဝီလီယျံ၏ မွေးနေ့သည် ဇွန်လ ၅ ရက်ဖြစ်သော်လည်း သူမတွင် ပြင်ဆင်ချိန် မရရှိခဲ့ခြင်းကြောင့် ဇွန်လ ၁၉ ရက်နေ့သို့ ပြောင်းလဲ ပြုလုပ်ခဲ့သည်။ သူမသည် ဖခင်များနေ့ကို လူအများလက်ခံစေရန် ကြိုးပမ်းပြီး အမေရိကန်၊ဝါရှင်တန်ဒီစီ အခြေဆိုက် အမျိုးသား အဝတ်အထည်ချုပ်လုပ်သူများအဖွဲ့အစည်းနှင့် ပူးပေါင်းကာ လူသိများရန်ကြိုးပမ်းခဲ့သည်။ သူမ၏ ကြိုးပမ်းမှုကို ဝါရှင်တန်ရှိ လူအများက ဝိုင်းဝန်းလောင်ပြောင် ဝေဖန်ခဲ့ကြသည်။ သို့သော် ဖခင်များနေ့ကို လူဦးရေများများနှင့် စုဖွဲ့ပြီး ဂုဏ်ပြုခြင်းv များ ပြုလုပ်လာသောကြောင့် ၁၉၁၆ခုနှစ်တွင် အမေရိကန်သမ္မတ Woodrow Wilson သည် ဆိုနာတို့ ဖခင်များနေ့ကျင်းပသော ဝါရှင်တန်ပြည်နယ် Spokane မြို့သို့ သွားရောက်ပြီး တစ်နိုင်ငံလုံးဆိုင်ရာအသိအမှတ်ပြုဖြစ် ရန် ဆွေးနွေးခဲ့သည်။ သို့သော် ကွန်ဂရက်စ်မှ ယင်းအဆိုကို ပယ်ချယ်ခဲ့သည့်အတွက် ဖခင်များနေ့ကို တရားဝင်သတ်မှတ်ရန် နှောင့်နေးခဲ့ သည်။ သို့သော် ကြိုးပမ်းမှု များစွာကြောင့် ၁၉၆၆ခုနှစ်တွင် အမေရိကန် သမ္မတ Lyndon B. Johnson က ဖခင်များနေ့အထိန်း အမှတ် ကို နှစ်စဉ် ဇွန်လ၏ တတိယ စနေနေ့တွင် ကျင်းပရန် သတ်မှတ်လိုက်သည်။ထို့နောက် ဖခင်များနေ့ ကျင်းပမှုသည် အမေရိကန်နိုင်ငံမှသည် အိမ်နီးချင်းနိုင်ငံ၊ ဥရောပ၊ အာရှ စသည်ဖြင့် တစ်မ္ဘာလုံးအထိ ပြန့်နှံ့ခဲ့ပြီး နိုင်ငံ အများစုက ဖခင်များနေ့ကို ဇွန်လ တတိယ တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ သည်။ သို့သော် အချို့နိုင်ငံများက ဇွန်လ ဆန်းပိုင်းနေ့များကို ရွေးချယ်ပြီး ယနေ့တိုင် ကျင်းပလျက်ရှိသည်။ ဖခင်များနေ့ဖြစ်ပေါ်လာရန် တည်ထောင်ခဲ့သူ Sonora Louise Smart Dodd သည် ချီကာဂို အနုပညာ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၇၄ ခုနှစ် တွင် အသက် ၉၄ နှစ်ရွယ်တွင် ကွယ်လွန်ခဲ့သည်။ ဟုဖတ်ခဲ့ဘူးပါတယ် ။ 

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment